Pages

Mar 3, 2013

" လူငယ် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများ"

(ဤဆောင်းပါးသည် လူငယ်များအား ရည်ညွှန်းသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။)


ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းဟာ သူတို့ဝါသနာပါတဲ့ သူတို့စိတ်ဝင်စားတဲ့အပေါ် မူတည်ပြီး အမူအကျင့်လေးတွေ ရှိတတ်ကြပါတယ်။ တချို့က ရေကူးတာ ဝါသနာပါတယ်။တချို့ကျတော့ ဘောလုံးကန်တာ ဝါသနာပါတယ်။ တချို့ကျပြန်တော့ အနုပညာဝါသနာပါတယ်။ အဲဒီလို ဝါသနာ နဲ့ အလေ့အထပေါင်းမြောက်များစွာအနက်မှ စာဖတ်ခြင်း အလေ့အထဟာ လူတိုင်းမှာ ရှိသင့်တဲ့ အလေ့အထလေး တစ်ခုဖြစ်ပါတယ်။ ဘာလို့ အဲလို ပြောရသလဲ ဆိုတော့ ကျွန်တော်တို့ ရင်မဆိုင်ဖူးတဲ့ ကိစ္စရပ်တွေ၊ မဖြေရှင်းဖူးတဲ့ ကိစ္စရပ်တွေ၊ အသိပညာတွေ အတတ်ပညာတွေကများသောအားဖြင့် ဒီ စာအုပ်တွေထဲကပဲ လေ့လာပြီး ရင်ဆိုင် ဖြေရှင်းကြရတာပါ။

စာဖတ်ခြင်း ဆိုတာကလဲ ရွေးချယ်တဲ့လူအပေါ်မူတည်ပြီး ဖတ်တဲ့စာအုပ်တွေက ကွဲပြားသွားမှာပါ။ ဝတ္ထုရှည် ဇာတ်လမ်းကိုကြိုက်သူတွေ ရှိသလို ဆောင်းပါးတိုတွေကို နှစ်သက်ကြသူတွေလဲ ရှိတတ်ပါတယ်။ တချို့ကျပြန်တော့ သုတ ဘက် လိုက်ကြပေမယ့် တချို့ကြပြန်တော့ ရသပိုင်းကို ပိုအားသန်ကြတယ်။ ဘယ်စာအုပ်တွေပဲ ဖတ်ဖတ်အဓိက ကတော့ ကိုယ်ဖတ်တဲ့စာအုပ်တွေထဲကနေ ကိုယ့်အတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အမှန်တကယ်တော့ စာဖတ်ခြင်းဆိုတာက အမှန်တကယ် ကျင့်သုံးတတ်ရင် ကိုယ်ရည်ကိုယ်သွေးကို တိုးတက်မြင့်တင်ပေးနိုင်တဲ့ သင့်ရဲ့ လမ်းပြအဖော်ပဲဖြစ်ပါတယ်။အခြား အားကစားလိုက်စားခြင်းကဲ့သို့သော ဝါသနာတွေက သင့်ရဲ့ အပြင်ပန်း ခန္ဓာကိုယ်ပုံစံတွေကိုသာ ပြုပြင်ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး စာဖတ်ခြင်းကတော့သင့်ရဲ့ အတွင်းစိတ် ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရုံသာမက ဆက်စပ်စဉ်းစားတွေးခေါ်နိုင်စွမ်းကိုပါ တိုးတက်ပြောင်းလဲစေမှာဖြစ်ပါတယ်။

 

ဖတ်မိလိုက်တဲ့ အနောက်နိုင်ငံတွေရဲ့ စစ်တမ်းတစ်ခုမှာတော့ ဒီနေ့ခေတ် လူငယ်တွေထဲက လေးယောက်မှာ တစ်ယောက် က စာအုပ်လုံးဝဖတ်လေ့မရှိပါဘူး တဲ့။အဲဒီစစ်တမ်းကို ရာခိုင်နှုန်းနဲ့ပြန်တွက်ကြည့်ရင် ၂၅% သော လူငယ်တွေက စာအုပ်လုံးဝ မဖတ်ကြဘူးဆိုတဲ့ သဘောပါပဲ။ အဲဒီ စစ်တမ်းကိုဖတ်မိပြီး ကျွန်တော် တော်တော်အံသြမိပါတယ်။ဘာလို့လဲ ဆိုတော့ ရုရှားနိုင်ငံမှာ ဘယ်နေရာသွားသွား ကားပေါ်မှာပဲဖြစ်ဖြစ် မြေအောက်ရထားပေါ်မှာပဲဖြစ်ဖြစ် တော်တော်များများက လူကြီးကော လူငယ်ပါမကျန် စာအုပ်လေးတစ်အုပ်ဖွင့်ပြီးဖတ်နေကြတာကို တွေ့ရတယ်။ တချို့ကတော့ ဖုန်းလေးနဲ့ပေါ့။ တခြားနိုင်ငံတွေလဲ ဒီလိုပဲဖြစ်မယ်လို့ ထင်ရပါတယ်။ အဲလိုနိုင်ငံတွေတောင် 25% က စာမဖတ်ကြဘူး ဆိုတော့ကျွန်တော်တို့နိုင်ငံမှာ စစ်တမ်းကောက်လိုက်ရင် ဘယ်လောက် ရာခိုင်နှုန်းများထွက်လာလိမ့်မလဲ။ ပိုပြီးအံ့သြဖို့ကောင်းတာက အဲဒီစစ်တမ်းထဲမှာ အချို့သော စာဖတ်သူများရဲ့ စာဖတ်နှုန်းကတစ်နှစ်မှာ လေးအုပ်ပဲ ဖတ်ကြပါတယ်။ အဲဒီထဲက တစ်ဝက်လောက်ကတော့ လေးအုပ်ထက်တောင် နည်းပါသေးတယ်...တဲ့။

အချိန်မပေးချင်တဲ့ အချို့သော စာအုပ်မဖတ်ကြသူများကတော့ စာဖတ်ခြင်းဆိုတာ အချိန်ကို အလဟဿဖြုန်းတီးစေတဲ့ အလုပ်တစ်ခုဆိုပြီးတော့ ဝေဖန်ကြပါတယ်။ဟုတ်ပါပြီ။ အဲလိုလူတွေအတွက် ကျွန်တော်က စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာမှတ်သားမိသလောက် ပြုစုပြီး ပြန်လည်ဖော်ပြပါ့မယ်။


စာဖတ်ခြင်းသည် ......

၁။စိတ်ပိုင်းဆိုင်ရာပြောင်းလဲတိုးတက်ခြင်းကို အထောက်အကူပြုသည်။
စိတ်ပိုင်းဆိုင်ရာဆိုတာ တွေးခေါ် စဉ်းစားပုံ ကြံစည်ပုံတွေ တိုးတက်လာခြင်းကို ဆိုလိုတာပါ။ တီဗီ ကြည့်တာမျိုး၊ ရေဒီယို အစီအစဉ်ကြည့်တာမျိုးတွေထက်စာအုပ်ဖတ်ခြင်းက သင့်ရဲ့ ဦးနှောက်အသုံးပြုပုံကို ပိုမိုတိုးတက်စေမှာဖြစ်ပြီး စာဖတ်တဲ့သက်တမ်း ကြာလာတာနဲ့အမျှ သင့်ရဲ့ တွေးခေါ်ပုံ ပိုမို စနစ်ကျလာမှာဖြစ်တယ်။အကြောင်းအရာတစ်ခုကို မြင်ရုံ လူကြိုက်များရုံနဲ့ လက်ခံဖို့ခဲယဉ်းလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်လာလို့ပဲဖြစ်ပါတယ်။အမှန်တကယ် စဉ်းစားဆင်ခြင်နိုင်တဲ့သူတွေမှာ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ဝါဒစွဲ ဆိုတာတွေမရှိတတ်ကြပါဘူး။ အကြောင်းအရာကို ဘက်စုံထောင့်စုံကနေ မျှတစွာ တွေးတောနိုင်တတ်ပြီးအမှန်တရားဘက်က ရပ်တည်လာနိုင်ကြပါတယ်။

၂။ အခြေခံအကျဆုံး ပင်ကိုယ်စွမ်းအားကို တည်ဆောက်ပေးနိုင်သူ ဖြစ်သည်။
သင်ကြားရေး နဲ့ အောင်မြင်မှု လမ်းကြောင်းတိုင်းမှာ ၎င်းတို့နဲ့ ကိုက်ည်ီတဲ့ အကောင်းဆုံးစာအုပ်တွေ ရှိတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းကတော့စာအုပ်တွေက ခက်ခဲတဲ့ဘာသာရပ်တွေကို သင်ကြားတဲ့နေရာမှာ အထောက်အကူပြုတတ်ကြသလို စာသင်ခန်းတွင်း ဆွေးနွေးမှုတွေမှာ နက်နက်နဲနဲနဲ့ ဝင်ရောက်ဆွေးနွေးနိုင်စေမယ့် အကြံမျိုးတွေလဲ ပေးတတ်ကြလို့ပါပဲ။ အဲလိုဆွေးနွေးအကြံပြုခြင်းက မိမိကိုယ်ကို ယုံကြည်မှုပိုမိုတိုးတက်လာစေနိုင်ပါတယ်။

၃။သင့်ရဲ့ ဝေါဟာရကြွယ်ဝမှုကို တိုးတက်စေသည်။
မူလတန်း အရွယ်လောက်မှာ စာကျက်တုန်းကပုံစံကို မှတ်မိကြသေးရဲ့လားမသိဘူး။ စာပိုဒ်တစ်ပိုဒ် စာကြောင်းတစ်ကြောင်းဖတ်လိုက်ရင် ကိုယ်မသိတဲ့စာလုံးတွေကိုဆရာတွေကို မေးလို့ပဲဖြစ်ဖြစ် အဘိဓာန်တွေထဲက ကြည့်လို့ပဲဖြစ်ဖြစ် ရှာဖွေရင်းနဲ့ ကျွန်တော်တို့ အသိတွေ တဖြည်းဖြည်းတိုးလာတယ်။ စာဖတ်ခြင်းကလဲ အဲလိုပါပဲ။ဥပမာပေးရရင် စာဖတ်ခြင်းဆိုတာ စိန်ခေါ်ခြင်းတစ်ရပ်ပါပဲ။ ဘာစိန်ခေါ်ခြင်းလဲဆိုရင် မသိသေးတဲ့စာလုံးတွေနဲ့ မသိသေးတဲ့အကြောင်းအရာတွေကို သိအောင် လုပ်မယ်ဟေ့ဆိုတဲ့ သဘောမျိုးပါ။

၎။ သင့်အား အခြားသော နေရာများကို ပို့ဆောင်ပြီး ယဉ်ကျေးမှုဓလေ့များကို ရင်းနှီးစေသည်။
သင့်ရဲ့ စိတ်ကူးယဉ် အိပ်မက်ထဲက အသွားချင်ဆုံးနေရာက ဘယ်နေရာပါလဲ။ အဲဒီနေရာကို သွားဖို့ အဆင်သင့်မဖြစ်နိုင်သေးတဲ့အချိန်တွေမှာ အဲဒီနေရာကို ဖော်ညွှန်းထားတဲ့စာအုပ်တွေကို ဖတ်ရင်းနဲ့တင် သင်က ထိုနေရာကိုရောက်သွားသကဲ့သို့ ခံစားနိုင်ပါတယ်။ အချို့သော နိုင်ငံခြားခရီးသွားလာသူများက တစ်နေရာကို သွားဖို့စီစဉ်လိုက်ရင်မသွားခင် သုံးလလောက်အလိုကတည်းက အဲဒီနေရာရဲ့ ထူးခြားဆန်းကျယ်ချက်တွေ ထုံးတမ်းစဉ်လာတွေနဲ့ နာမည်ကျော်နေရာတွေကို လေ့လာတတ်ကြပါတယ်..တဲ့။အဲဒါကြောင့် တကယ်သွားလာတဲ့အခါတွေမှာ သူတို့ဟာ အစီအစဉ်ကို စနစ်တကျဆွဲနိုင်ကြပြီး အကြောင်းအရာနေရာတွေနဲ့လဲ အစိမ်းသက်သက်ဖြစ်မနေကြတော့ပါဘူး။

၅။ အာရုံစုစည်းတည်ဆောက်မှုကို တိုးတက်ဖွံ့ဖြိုးစေသည်။
အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ စာဖတ်ခြင်းက သင့်ရဲ့ ဦးနှောက်ကို အလုပ်ပိုခိုင်းပါတယ်။ သာမန် ဂျာနယ် စာဆောင်တွေဖတ်သလို လှန်လျောဖတ်ရှုရုံတင်မကပဲတကယ့်စာဖတ်ခြင်းမှာ စာကြောင်းတိုင်းကို လေးနက်တည်ကြည်စွာ ဖတ်ရင်းနဲ့ စဉ်းစားရပါတယ်။ သုတ စာပေတွေက ရသစာပေတွေထက် ဦးနှောက်အလုပ်ပိုပေးပါတယ်။ဘာကြောင့်လဲဆိုတော့ ရသစာပေတွေက လူတွေရဲ့ ခံစားမှုကို ပိုဦးစားပေးပြီး သုတစာပေတွေက သတင်းအချက်အလက်တွေကို ဦးစားပေးလို့ပါပဲ။ စာအုပ်တွေကတော့အကြောင်းအရာတွေ အားလုံးကို ပြည့်ပြည့်စုံစုံပြောပြသွားတတ်ပါတယ်။ အဲဒီအပေါ်မှာ ကိုယ်က အာရုံစုစည်းနိုင်သလောက် ကိုယ့်ရဲ့ စွမ်းရည်တိုးတက်လာမှာဖြစ်ပါတယ်။

၆။ မိမိကိုယ်ကို ပိုတန်ဖိုးထားစေသည်။
စာအုပ်တွေကို ဖတ်ခြင်းကြောင့် အသိပညာတွေတိုးတက်လာသလို သင်ဖတ်တဲ့အကြောင်းအရာပေါ်မူတည်ပြီး အဲဒီဘာသာရပ်တွေမှာ သင်ဟာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ကျွမ်းကျင်မှု က မိမိကိုယ်ကို တန်ဖိုးထားခြင်း အဖြစ်သို့ ပြောင်းလဲစေနိုင်ပါတယ်။ တခြားတဖက်ကကြည့်ရင်လဲ သင်ဟာစာအုပ်တွေများများဖတ်တယ်။အသိညဏ်ဗဟုသုတကြွယ်ဝတယ်ဆိုပြီး အရေးကြုံလာရင် လူတွေက သင့်ရဲ့ထင်မြင်ချက် ဖြေရှင်းချက်တွေကို လိုလားတောင့်တလာကြမှာဖြစ်တယ်။ ပြင်ပလူတွေ တန်ဖိုးထားလာတာနဲ့အမျှသင့်ကိုယ်သင် ပိုပြီးတန်ဖိုးထားလာစေမှာဖြစ်တယ်။

၇။ မှတ်ညဏ်စွမ်းအား ပိုမိုကောင်းမွန်စေသည်။
သင်ကြားမှုတွေတိုင်းမှာ သင့်ကို အဓိက သတိထားမိစေမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ မင်းရဲ့ မှတ်ညဏ်ကို အသုံးမပြုရင် အားလုံးမေ့သွားမှာပါ..တဲ့။စာဖတ်ခြင်းက သင့် ဦးနှောက်ရဲ့ ကြွက်သားတွေကို သာမာန်အချိန်တွေထက်ပိုအလုပ်လုပ်စေမှာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက်ပါ အကျိုးပြုနေပါတယ်။စာဖတ်ရာမှာ ရှေ့နောက် အကြောင်းအရာတွေကို မှတ်မိဖို့လိုအပ်သလို ဆက်စပ်တွေးခေါ်ဖို့လဲလိုအပ်ပါတယ်။ ဒါ့အပြင် အချက်အလက်တွေ ပုံတွေ နေရာဒေသတွေအစရှိတဲ့ အရာအားလုံးကို ဖတ်ရင်းနဲ့ မှတ်ညဏ်မှာ သိမ်းဆည်းထားတဲ့အတွက် သင့်ရဲ့ မှတ်ညဏ်စွမ်းအားက စာမဖတ်တဲ့သူထက်တော့ သာလွန်နေမှာ သေချာပါတယ်။

၈။ သင့်ကို စည်းကမ်း ကောင်းမွန်စေသည်။
လူငယ်လေးယောက်မှာ တစ်ယောက်က တစ်နှစ်အတွင်း စာအုပ်တစ်အုပ်မှ မဖတ်ဘူးဆိုပါတော့။ အဲဒီတစ်ယောက်က ကျန်တဲ့သုံးယောက်ထက် စည်းကမ်းစနစ်ကျပုံလျော့နည်းနေမှာပါ။ ဘာလို့လဲဆိုတော့ အချို့စာအုပ်တွေက တနေ့တာမှန်ကန်စွာအသုံးချနည်း အချိန်ကို အကျိုးရှိအောင်ပြင်ဆင်နည်း အစရှိတဲ့နည်းလမ်းတွေ ပါလာတတ်သလိုစာအုပ်ဖတ်ခြင်းကြောင့် ရရှိလာတဲ့ တွေးခေါ်မှုစွမ်းရည်တွေက သင့်ကို ဘယ်အချိန်မှာ ဘယ်အရာလုပ်ရမယ်.. ဘယ်အလုပ်ကို ဘယ်လောက်နဲ့ ပြီးပြတ်အောင်လုပ်ရမယ်ဆိုတာတွေကို ညွှန်ကြားပြသပေးပါတယ်။ အလွယ်ကူဆုံး စည်းကမ်းလိုက်နာမှုတိုးတက်ပုံကတော့ ဒီနေ့ ဘယ်အချိန်မှာ ဘာစာအုပ်ကို ဖတ်မယ်လို့သာ ဇယားဆွဲပြီးထိုအချိန်ဇယားအတိုင်း စာအုပ်ဖတ်လိုက်ပါ။ သင်ဟာ အနည်းဆုံးတော့ သင်ထုတ်တဲ့ စည်းကမ်းကို လိုက်နာတတ်တဲ့သူတစ်ယောက်ဖြစ်သွားပါပြီ။

၉။ နေရာ အချိန် ဒေသ မရွေး သင်ကြား သင်ယူနိုင်သည်။
ပုံမှန် တရားဝင်သင်ကြားမှုတွေမှာ ကျောင်းသားက စာသင်ခန်းကို သွားရောက်သင်ယူရမှာ ဖြစ်တယ်။ စာအုပ်တွေက သယ်ယူ ရွှေ့ပြောင်းဖို့ လွယ်ကူပါတယ်။ ဒါကြောင့် သင်ဘယ်နေရာပဲရောက်နေ ရောက်နေ စာအုပ်တွေထဲကနေ သင်လိုချင်တဲ့အရာတွေကိုသင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး သင့်အိပ်ရာပေါ်မှာ လှဲလျောင်းနေရင်းနဲ့တောင် စာအုပ်တွေထဲက လိုချင်တာတွေ နှိုက်ယူနိုင်မှာဖြစ်ပါတယ်။

၁၀။ ဖန်တီးနိုင်စွမ်း ကို တိုးတက်စေသည်။
စာအုပ်တွေကို ဖတ်ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ် ဆိုတာနဲ့ ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဥပမာ programmer တစ်ယောက်ဆိုပါတော့။ သူဖတ်မှတ်လေ့လာထားတဲ့ အချက်တွေနဲ့ ဘယ်အရာတွေကိုဘယ်လိုကောင်းအောင် ပြုပြင်ရမလဲ ဆိုတဲ့ ဖန်တီးမှုတွေနဲ့ နောက်ထပ်ရေးမယ့် သူ့ program တွေကို အရင်ထက်ပိုကောင်းအောင် ကြံစည်နိုင်တဲ့ အကြံကောင်းတွေရရှိမှာဖြစ်ပါတယ်။

၁၁။ အကြောင်းအရာတစ်ခု ကို ပြောဆိုနိုင်စွမ်းပေးတယ်။
ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ စာများများဖတ်ထားခြင်းက သင့်ကို ဗဟုသုတကြွယ်ဝစေသလို အကြောင်းအရာတစ်ခုမှာ အချက်အလက်ကျကျပြောဆိုနိုင်လောက်တဲ့ အစွမ်းသတ္တိကိုပေးပါတယ်။ သင်ဟာ စီးပွားရေးဆိုင်ရာ စာအုပ်တွေကိုလေ့လာသလား။ ဒါဆိုရင် စီးပွားရေးအကြံပေး ပုဂ္ဂိုလ်တစ်ယောက်တောင်ဖြစ်လာနိုင်ပါတယ်။အကယ်၍ သင်က အိမ်ထောင်ရေး အချစ်ရေးအကြောင်းတွေ စိတ်ဝင်စားတယ်ဆိုပါတော့။ အိမ်ထောင်ရေးအကြံပေး လုပ်လို့ရနိုင်ပါတယ်။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်နဲ့များငြင်းခုံဆွေးနွေးမလား။ စာအုပ်တွေအများကြီး ဖတ်မှတ်လေ့လာထားတဲ့ သင့်အဖို့ ငြင်းခုံ ထောက်ပြစရာ အကြောင်းပြချက်တွေအများကြီး သင့်မှာရှိပါတယ်။ အနည်းဆုံးတော့သင်ဟာ စကားပြောကောင်းသူ တစ်ယောက် ဖြစ်လာမှာပါ။

၁၂။ ဈေးမကြီးတဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်ပါတယ်။
နှစ်နာရီလောက် အချိန်ကုန်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ လက်မှတ်က ဘယ်လောက်ပါလဲ။ ထိုလက်မှတ်နဲ့ ညီမျှတဲ့ တန်ဖိုး နဲ့ စာအုပ်တွေဝယ်လိုက်ပြီဆိုပါတော့။သင်ဝယ်လိုက်တဲ့ စာအုပ်တွေက သင့်အတွက် နှစ်နာရီ မက များပြားလှတဲ့ အချိန်တွေကို ရရှိမှာဖြစ်ပါတယ်။ စာအုပ်ဆိုတာမျိုးက တစ်ခေါက်ဖတ်ရုံနဲ့ လုံလောက်တာမျိုးမဟုတ်ပါဘူး။ပထမတစ်ခေါက်ဖတ်တုန်းက နားလည်တဲ့ နားလည်မှုနဲ့ နောက်ထပ်အကြိမ်တွေမှာ နားလည်နိုင်မယ့် နားလည်မှုမျိုး တူညီနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စာအုပ်တစ်အုပ်ဟာ ဇာတ်ကား တစ်ကားစာအချိန်တွင်းမှာ သင့်ကို များပြားလှတဲ့ ဗဟုသုတတွေ ပေးနိုင်စွမ်းရှိပါတယ်။  တကယ်လို့ သင်က ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်ဟာသစာအုပ်မျိုးကို ဖတ်မယ်ဆိုရင်တောင် သင့် ဦးနှောက်ကို အနားပေးရုံမက ဟာသညဏ်ကိုတောင် တိုးတက်စေနိုင်ပါတယ်။

၁၃။ ပိုမို ကျွမ်းကျင်လာစေတယ်။
Brian Tracy က ပြောဖူးပါတယ်။ သင်ရွေးချယ်လိုက်တဲ့ နယ်ပယ်က ဘာသာရပ်နဲ့ သက်ဆိုင်တဲ့စာအုပ်ပေါင်း ၁၀၀ ကိုဖတ်ပါ။ အဲဒီအတိုင်း ငါးနှစ်ဆက်တိုက် မဆုတ်မနစ်ဖတ်ရှုလေ့လာပါ။ ငါးနှစ်လွန်မြောက်သွားတဲ့နောက် အဲဒီနယ်ပယ်မှာ သင်ဟာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်...တဲ့။ ဒါပေမယ့် research တချို့ရဲ့ စာတမ်းတွေအရတော့၂နှစ် သို့မဟုတ် ၃နှစ်လောက် စွဲစွဲမြဲမြဲ ဖတ်ရှုရုံနဲ့ ကျွမ်းကျင်အဆင့်ကိုရောက်လာနိုင်ပါတယ်..တဲ့။

၁၄။ အမှား နဲ့ ငွေကုန် သက်သာစေတယ်။
စမ်းသပ်မှုတွေ တချို့ လုပ်ငန်းတွေကိုပဲ ဥပမာထားပြီးကြည့်ပါ။ ရှေ့က စမ်းသပ်ပြုလုပ်သွားတဲ့သူတွေရဲ့ လေ့လာချက်တွေကို ဖတ်ပြီးတော့ သူတို့မှားခဲ့တဲ့ အမှားမျိုးထပ်မဖြစ်စေရအောင် စာအုပ်က သတိပေးပါတယ်။ အောင်မြင်သူတွေရဲ့ နည်းမှန် လမ်းမှန်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျရှုံးသွားခဲ့ရတဲ့သူတွေရဲ့ နည်းလမ်းတွေကို ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ရအောင် စာအုပ်က လမ်းညွှန်ပြသပါတယ်။ သူတို့တွေရဲ့ အမှားကို ထပ်မလုပ်မိနိုင်တဲ့အတွက် အချိန်ကုန် ငွေကုန်လူပင်ပန်းတဲ့ အဖြစ်မျိုးမှ ရှောင်တိမ်းနိုင်ပါတယ်။

၁၅။ လူကို ရင့်ကျက်စေတယ်။
စစ်တမ်းတွေအရ အသက် ၁၅ နှစ်မှ ၂၀အတွင်း စာအုပ်ဖတ်တဲ့ လူငယ်နဲ့ မဖတ်တဲ့လူငယ်တွေကို လေ့လာကြည့်တဲ့အခါမှာ စာအုပ်အဖတ်များတဲ့ လူငယ်တွေကအရာရာမှာ ကျိုးကြောင်းဆီလျော်စွာတွေးခေါ်နိုင်ပြီး သူတို့ရဲ့ အပြောအဆို အလုပ်အကိုင် အပြုမူတွေဟာ သက်တူရွယ်တူ ကလေးတွေထက် ပိုမိုရင့်ကျက်လာတာကိုတွေ့ရပါတယ်။ စကားပြောလေးနက်လာမယ်။ အပြုအမူတွေ တည်ကြည်လာမယ်။ ဒါတွေဟာ စာဖတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေပါပဲ။


စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ်ရေးပြရမယ်ဆိုရင်တော့ တော်တော်ရှည်သွားပါလိမ့်မယ်။ အထက်ပါ အကြောင်းအရာတွေဟာ ကျွန်တော်တွေးမိသလောက်နဲ့internet ပေါ်မှာတွေ့ရှိတဲ့ ဆောင်းပါးတချို့နဲ့ research တွေကို ဖတ်ပြီး ရေးထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးရေးရတဲ့ ရည်ရွယ်ချက်က လူငယ်တွေကို စာဖတ်စေချင်လို့ပါ။အချိန်ကုန် သက်သာပြီး ပိုက်ဆံကုန်သက်သာတဲ့ ပညာသင်ယူခြင်းတမျိုးပါပဲ။ ကျွန်တော်တို့ လေးစားအားကျနေကြတဲ့ စာရေးဆရာတော်တော်များများကိုကြည့်ပါ။နိုင်ငံကျော်စာရေးဆရာဖြစ်နည်း သင်တန်းတွေ မရှိသလို ကျောင်းတွေလဲ မရှိပါဘူး။ ဒီကျောင်းစာတွေကို ဒီတက္ကသိုလ်မှာတက်ခဲ့ကြတာခြင်း အတူတူ သူတို့တွေက ဘာလို့ စာရေးဆရာတွေဖြစ်သလဲ၊သူတို့ပြောတဲ့စကားတွေသူတို့ရေးတဲ့စာတွေကို ကျွန်တော်တို့တတွေက ဘာလို့ တလေးတစားနဲ့ ပြန်ဖတ်နေ ပြန်လေ့လာနေရပါသလဲ။ ရှင်းပါတယ်။ ကျွန်တော်တို့ထက် ဗဟုသုတ အရာအားဖြင့်သော်လည်းကောင်းအတွေ့အကြုံအားဖြင့်သော်လည်းကောင်း သာနေလို့ပါပဲ။ အဲလို ဗဟုသုတတွေ အတွေ့အကြုံတွေက ပြင်ပလောကကြီးကပဲ ရတာလားဆိုတော့ မဟုတ်ပါဘူး။ စာအုပ်တွေထဲကနေအများစု ရကြတာပါ။ စာဖတ်ခြင်းက လူကို ပြည့်ဝစေပါတယ်။ 

ဒါတွေတင်မကပါဘူး။ အတန်းပညာဆက်မတက်နိုင်တော့တဲ့ သေစာရှင်စာတတ်တဲ့သူတွေအတွက်လဲ ရည်ညွှန်းပါတယ်။ ကျောင်းမတက်ရတော့လို့ အသိညဏ်တွေ ပျောက်ဆုံးကုန်တာမဟုတ်သလိုသင်ယူလို့ မရတော့ဘူးရယ်လို့ မရှိပါဘူး။ ပြင်ပလောကကြီးက အတွေ့အကြုံတွေပေးတယ်ဆိုရင် စာအုပ်ကမ္ဘာက ဗဟုသုတ နဲ့ အတွေးအခေါ်ကောင်းတွေကို လက်ဆောင်ပေးပါတယ်။
စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့စကားပုံက ပညာမတတ်လို့ဆိုပြီး အားငယ်နေတဲ့သူတွေ အတွက် အဖော်ကောင်းပါပဲ။
ပညာလို အိုသည်မရှိ ဆိုတဲ့စကားပုံက အသက်ကြီးသွားလို့ စာသင်ရမှာပျင်းတဲ့သူတွေအတွက် အားပေးတဲ့ စကားတစ်ခွန်းပါပဲ။

ကျွန်တော်တို့ ချစ်တဲ့နိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်က သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တတ်မြောက်နေရပါမယ်။ နိုင်ငံသားတိုင်းတကယ်တတ်သော ပညာတတ်များဖြစ်ရပါမယ်။ ပညာရေးဆုံးခန်းတိုင်အောင် မလျှောက်နိုင်တဲ့သူတွေကလဲ စာဖတ်ခြင်းနဲ့ မိမိကိုယ်ကို ဖြည့်တင်းရပါမယ်။စာအုပ်ဖတ်ခြင်းက အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သလို အမှားနဲ့ အမှန်ကိုလဲ ကွဲကွဲပြားပြား သိမြင်နိုင်ပါတယ်။ ခေတ်က သူများ ယောင်တိုင်း ဘုမသိ ဘမသိလိုက်ယောင်တဲ့ ခေတ် ဖြစ်နေကြတဲ့အတွက် ဘယ်အရာမဆို မိမိတို့ ဦးနှောက်နဲ့ ဆုံးဖြတ်နိုင်ဖို့အတွက် စာဖတ်ခြင်းနဲ့ ဦးနှောက်ကို အလုပ်ပေးရပါမယ်။

ငယ်ငယ်တုန်းက state ကျောင်းသားဘဝမှာ ဆိုခဲ့ရဖူးတဲ့ ကျောင်းသား သစ္စာအဓိဋ္ဌာန် လေးချက်ရှိပါတယ်။
  • မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။
  • မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။
  • မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။
  • မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။

ကျောင်းသားတိုင်းရဲ့ နောက်ဆုံး အဆုံးသတ်ရည်ရွယ်ချက်က တိုင်းပြည်ကောင်းဖို့အတွက်ပါပဲ။ ဒီလိုချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးကို ငယ်ရွယ်စဉ်ကျောင်းသားဘဝကတည်းကကျွန်တော်တို့ကို တပ်လှန့် သတိပေးထားတာပါ။ အဲလိုတိုင်းပြည်ကောင်းဖို့အတွက် အရေးကြီးဆုံးအချက်က ကျောင်းသားတိုင်း မိမိကိုယ်ကို အရင်ဆုံးကောင်းအောင်ကြိုးစားကြဖို့ပါပဲ။ မိမိကောင်းမှ အတန်းကောင်းမယ်။ အတန်းကောင်းမှ ကျောင်းကောင်းမယ်။ ကျောင်းကောင်းမှ မြို့ရွာကောင်းမယ်။ အဲဒီကမှတဆင့် နောက်ဆုံးနိုင်ငံကြီးကောင်းမွန်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျောင်းသားတွေအနေနဲ့ မိမိကိုယ်ကို ကောင်းဖို့အတွက်ဆို သင်ရိုးညွှန်းတမ်းတွေကို ကျက်မှတ်နေရုံမျှမကပဲGK လို့ခေါ်တဲ့ အထွေထွေ ဗဟုသုတ တိုးတက်ကြီးပွားဖို့အတွက် အားလပ်ချိန်တွေမှာစာဖတ်ခြင်းဖြင့် အကျိုးရှိရှိ အသုံးချကြပါ။ ကျောင်းကတော့ သင်ကြားပေးရမယ့်ဘာသာရပ်တွေနဲ့ အခြား ဗဟုသုတ အချို့ကို တာဝန်ကျေစွာသင်ကြားပို့ချပေးမှာဖြစ်ပြီး ကျန်ရှိတဲ့ အရာတွေကိုတော့ မိမိတို့ရဲ့ လေ့လာလိုက်စားမှုအပေါ်မူတည်ပြီးတစ်ယောက်နဲ့တစ်ယောက် တိုးတက်ပုံခြင်းကွာဟသွားမှာဖြစ်ပါတယ်။

စာဖတ်ခြင်းကနေ သင်ယူပါ။ လေ့လာပါ။ မှတ်သားပါ။ လူကြီးသူမ ဆရာ ဆရာမ များ အကြံပေးတဲ့ စာအုပ်တွေကို ဖတ်ပါ။ မိမိစိတ်ဝင်စားတဲ့စာအုပ်တွေကိုဖတ်ပါ။မဖတ်ခင် စဉ်းစားပါ။ ဖတ်နေဆဲမှာ စဉ်းစားပါ။ ဖတ်ပြီးတဲ့အချိန်မှာလည်း စဉ်းစားပါ။ အရာရာကို လူကြိုက်များရုံနဲ့ အမှန်မထင်ပါနဲ့။ စဉ်းစားဆင်ခြင်ပါ။ဘက်စုံထောင့်စုံမှ ကြည့်ပါ။ အဘက်ဘက်မှ မျှတွေးပါ။ စူးစမ်းလိုစိတ်ရှိပါ။ မသိ နားမလည်တာတွေကို မေးမြန်းလိုစိတ် ပြင်းပြပါ။ အရာရာမှာ စဉ်းစားဆင်ခြင်ပါ။ဝေဖန်ပိုင်းခြား ဆုံးဖြတ်ပါ။ ဦးနှောက်သုံးပါ။ တယူမသန်ပါနဲ့။ ပုဂ္ဂိုလ်စွဲ မထားပါနဲ့။ လူအမျိုးမျိုး စာအုပ်အမျိုးမျိုးမှ သင်ယူရန် မရှက်ကြောက်ပါနဲ့။ ပညာမတောက်တခေါက်နဲ့မထောင်လွားပါနဲ့။ စာအုပ်နည်းနည်းဖတ်ရုံနဲ့ ပညာတတ်ပြီ မထင်ပါနဲ့။


ဒါတွေဟာ လူငယ်ကျောင်းသားတွေကို အသိပေး နှိုးဆော်တဲ့ လူငယ်တစ်ယောက်ရဲ့ ဆောင်းပါးပါ။
ခေတ်တွေ စနစ်တွေကြားမှာ ဘာကိုမှ အပြစ်တင် ဝေဖန်မနေပဲသင်ပေးတာတွေကို လေ့လာမှတ်သားပြီး ရတဲ့အချိန်တွေထဲက တော်တော်များများကို စာဖတ်ခြင်းနဲ့ အကျိုးရှိအောင် အသုံးချပါ။ ဘာမှ မသေချာတဲ့ဘဝမှာသေချာတဲ့ စာဖတ်ခြင်းနဲ့ မိမိကိုယ်ကို မြှင့်တင်ကြပါ။ အားလပ်ချိန်တွေမှာ လူငယ်တွေတော်တော်တော်များများ စာအုပ်ဖတ်ရင်းနဲ့ အနားယူနေကြရင်၊ စာကြည့်တိုက်တွေထဲမှာ (ကိုယ်တိုင် လိုလိုလားလားနဲ့ ) နေရာမလပ် ထိုင်ခုံတွေလူပြည့်နေကြရင်၊ လူငယ်တွေ စာပေတွေအကြောင်း စိတ်ဝင်တစားနဲ့ ဆွေးနွေးနေကြရင်၊အဲဒီမျိုးဆက်သစ်တွေ နိုင်ငံ့တာဝန်အသီးသီး ထမ်းဆောင်ကြတဲ့ တစ်နေ့.... နိုင်ငံတော်ကြီး အထွေအထူးပြုပြင်စရာမလိုဘူး။ အလိုလို ဂုဏ်တင့်လာလိမ့်မယ်။

  • ဒီဆောင်းပါးကို ဖတ်မိကြတဲ့ လူငယ်၊ လူရွယ်များ မိမိတို့ကိုယ်တိုင် စာဖတ်ခြင်း နဲ့ မိတ်ဆွေဖွဲ့ကြပါ။
  • ပတ်ဝန်းကျင်မှ သူငယ်ချင်းများကိုလဲ စာဖတ်ဖို့ တိုက်တွန်းပါ။
  • ဆောင်းပါးရှင် ကျွန်တော့ကိုလဲ စာဖတ်ဖို့ သတိပေးပါ။

(ဆန္ဒဇော များသွားသဖြင့် ဆောင်းပါးထဲတွင် ဆရာလုပ်မိသလိုဖြစ်သွားခဲ့ပါက အနူးအညွတ်တောင်းပန်ပါသည်။)

အမှားတစုံတရာ ပါရှိခဲ့ပါက ကျွန်တော်၏ အပြစ်သာ ဖြစ်ပါသည်။

စာရေးသူ။  ။Ko Htun
3.3.2013
4:33 am (Sun)

No comments:

Post a Comment

မိတ်ဆွေအပေါင်းအသင်းများအား အထူးပင် ကျေးဇူးတင်ရှိပါသည်.....