အချစ်ရေး
(၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။
အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။
(၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ။
အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။
(၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ်။
ခေတ္တမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏
(၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။
(၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။
(၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။
(၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။
(၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း၊ စိတ်ကောင်းခြင်း၌သာ တည်သည်။
(၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။
(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။
(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။
စိတ္တဗေဒ
(၁) မိမိက်ုယ်ကို သူတစ်ပါးမျက်စိနှင့် ကြည့်ရမည်။
(၂) အောင်မြင်လိုသူသည် ကံ ဟူသော စကားကိုဖျောက်ပြီး အလုပ် ဟူသော စကားကိုသုံးရမည်။
အောင်မြင်ခြင်း၏ ပထမနည်းသည် အောင်မြင်သောစိတ် အောင်မြင်မည်ဟူသောစိတ် ဖြစ်၏။
(၃) စွန့်မှစားရ၏ စားလိုလျှင်စွန့်။
(၄) ပညာအပေါင်း၌ စိတ်ပညာသည် အမြတ်ဆုံးဖြစ်၏။
မိမိစိတ်ကို မိမိသိမြင်ခြင်းသည် အဖိုးတန်ဆုံးဖြစ်ပေသည်။
(၅) ကိုယ့်ကိုယ်တိုင် အပြစ်အနာအဆာကင်းအောင် နေဖို့ လွန်စွာ အရေးကြီး၏
(၆) ကာယဗလ စွမ်းသူတို့သည် စိတ်အားလည်း စွမ်းကြလေသည်။
(၇) ပန်းပဲသမားသည် သံကိုမီးပူပူရှိစဉ်မှ ထု၍ရတတ်၏။
သံအေးမှ ထုချေက လိုရာကိုထု၍မရသည့်အပြင် အကျိုးကိုပျက်စီးတတ်စေ၏
(ဂ) အတတ်ပညာတစ်ခုခု၌ အပင်ပန်းမခံဘဲနှင့် ကျော်ကြားခြင်းအထွတ်သို့ မရောက်နိုင်ပေ။
လူမှုရေး
( ၁) ပညာကြီးလျက် အပေါင်းမတတ်သူ၊ အဆင်းလှလျက် လူချစ်လူခင်မများသူတွေ များစွာရှိကြလေသည်။
( ၂) ချစ်စေလို နှုတ်ခမ်းလက်နှစ်သစ်၊ မုန်းစေလို နှုတ်ခမ်းလက်နှစ်သစ်။
( ၃) မှန်ကန်ခြင်း၌ အဖော်မလို။
( ၄) လောကမှာ သိစရာ တတ်စရာတွေ မကုန်နိုင်အောင် ရှိလေရာ၊ ငါသိလှပြီ တတ်လှပြီဟု ထင်နေသူများသည်
မိမိဘာမျှ မတတ်သေးကြောင်း ကြေညာခြင်းပင်ဖြစ်သည်။
( ၅) အမိန့်ကို ကောင်းစွာ နာခံတတ်မှ အမိန့်ပေးသူအဖြစ်သို့ ရောက်နို၏။
အမိန့်ကို သုန်မှုန်စွာ နားထောင်သူ သည် ကျေးကျွန်နှင့်တူ၏၊။
ရွှင်လန်းကြည်ဖြူစွာ နာခံတတ်သူကား သားကောင်းသမီးကောင်း တပည့်ကောင်းနှင့်တူ၏။
( ၆) မိမိအတွက် တစ်ပါးသူမှာ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရအောင် သတိထားရမည်။
( ၇) အရာရာ၌ မလွန်ကျူးခြင်း၊ အနည်းငယ်မျှ ၀န်လေးခြင်း မရှိရလေအောင် သတိထားရမည်။
( ၈) တိုက်ရိုက်ပြောခြင်းသည် ခုခံစိတ်ကို ဖြစ်စေတတ်သည်။
အဘယ်အရာကိုလုပ်ပါဟု ပြောမည့်အစား လုပ်လျှင် အဘယ်အကျိုးမျိုးဖြစ်မည်ကို ပြောရမည်။
( ၉) သိလိုသောစိတ်သည် ဂရုစိုက်သောစိတ်ဖြစ်၏။
ဂရုစိုက်ခြင်းသည် အရေးယူခြင်း လေးစားခြင်းပင် ဖြစ်လေသည်။
(၁၀) အချိန်ရှိသရွေ့ အမှားပြင်နိုင်၏။
ကျန်းမာရေး
( ၁) အသက်ရှည်လိုက ဝေဒနာရောဂါအကြောင်းကို မတွေးရ။
( ၂) သောကပူပင်ခြင်းဆိုသည်မှာ အပိုသက်သက်ဖြစ်လျက် အသက်ကိုအန္တရာယ်ဖြစ်စေ၏။
( ၃) အသက်ကိုသာ ဥာဏ်စောင့်သည်မဟုတ် ကျန်းမာခြင်းကိုလည်း ဥာဏ်စောင့်၏။
( ၄) အစားကြူးခြင်းသည်လည်း အသက်တိုခြင်း၏ အကြောင်းတစ်ခု ဖြစ်လေသည်။
( ၅) ကာယဗလကောင်း၍ လျင်မြန်ထက်မြက်သူတို့မှာ ဘယ်အရာမဆို ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်ကြလေသည်။
( ၆) ရိုးရိုးသားသားအသက်ကို မှန်မှန်မွေးလျှက် အဘယ်အရာမှာမှ မလွန်ခြင်းသည် ကျန်းမာခြင်းအတွက် နည်းကောင်းဖြစ်လေသည်။
( ၇) အပျော်ကြောင့် ဥာဥ့်နက်ခြင်းသည် စရိတ်ရော အသက်ပါ ဆုံးစေသည့်နည်းဖြစ်လေသည်။
( ၈) စိတ်မှာ သန့်ရှင်းခြင်းသည် ကိုယ်၏ သန့်ရှင်းခြင်းကို ဖြစ်စေလျှက် စင်ကြယ်ခြင်းမှာ ကျန်းမာခြင်းကိုဖြစ်ရလေသည်။
ကြီးပွားတိုးတက်ချမ်းသာရေး
( ၁) ကြီးပွားတိုးတက်ရန်အားသည် ၀ီရိယ နှင့် ချွေတာခြင်း ပင်ဖြစ်သည်။
( ၂) လက်သမားကောင်း၏ အရင်းအနှီးမှာ စူးဆောက်ကောင်းများ ဖြစ်ဘိသကဲ့သို့
စာအုပ်များမှာ တိုးတက်ကြီးပွားလိုသူတို့၏ အရင်းအနှီးလက်နက်ကောင်းများ ဖြစ်ပေသည်။
( ၃) ၀ီရိယကို ထုတ်၍ လုပ်ရသမျှလေးစု မကြာမီအထုပ်ဖြစ်မည်။
အထုပ်မဖြစ်မီ ထုတ်၍မပစ်ရ။
( ၄) ခြေဖ၀ါးအောက်ဋ္ဌ် မြေကြီးကိုချွေးရေကလေးအနည်းငယ် လောင်းလိုက်လျှင် ပဒေသာပင်ထွက်ပေါ်လာနိုင်သည်။
( ၅) ကမ္ဘာပေါ်တွင် စွဲမြဲခြင်းလောက် တန်ခိုးကြီးသော အရာမရှိ။
( ၆) တက်မ၏အမိန့်ကို နားမထောင်သူသည် ကျောက်ဆောင်၏အမိန့်ကို နားထောင်ရာ၏။
( ၇) အပြောသန်လျှင် အလုပ်ညံ့သည်ဟူသောစကားသည် နိုင်ငံရေးသမားများအတွက် သုံးသောစကားဖြစ်၏။
( ၈) ကြီးပွားတိုးတက်လိုလျှင် ပညာဥာဏ်လွန်စွာကြီးဖို့မလို၊ စေ့စပ်သေချာတတ်ဖို့သာ လိုပေသည်။
( ၉) ပေါ့ပေါ့စား၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့လုပ်နေသမျှ မတိုးတက်နိုင်။
(၁၀) လူမှန်လျှင် အစွမ်းရှိ၏။
(၁၁) သူဌေးမြန်မြန်ဖြစ်လိုလျှင် မြန်မြန်ဆင်းရဲတတ်၏။
(၁၂) ငါသည် ငါ၏အဖော်ဖြစ်၏၊
ငါ၏လမ်းစဖြစ်၏။
ငါ၏ခိုကိုးရာဖြစ်၏။
ငါ၏အဖော်ကောင်းဖြစ်၏။
ငါ့ထက် ဘယ်သူမှ ငါ့ကိုမကယ်နိုင်။
(၁၃) အခက်အခဲသည် စိတ်သဘောကြီးမား ရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများဖြစ်၏။
(၁၄) အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကိုမကြောက်။
(၁၅) အားလုံးကြီးပွားနည်းမှာ အမျိုးသားအလုပ်ဟူသမျှ အသင်းဖွဲ့၍ထားအပ်ခြင်းဖြစ်သည်။

စာပေနှင့်ပညာရေး
( ၁) လူလုပ်ခြင်း၌ သတင်းစာဖတ်ခြင်းသည် ပထမလိုအပ်သောအရေးဖြစ်သည်။
( ၂) စာများကို ဖတ်ခြင်းသည် စာအတွက်မဟုတ်။
လောကကြီးအကြောင်းနှင့် ပတ်သက်၍ အမှန်ကိုသိလိုသောစိတ်နှင့် ဖတ်ခြင်းမျှဖြစ်၏။
( ၃) သတင်းစာစောင်ရေးများလာလေလေ ၊တိုင်းပြည်တွင် မသိမလိမာသူ နည်းပါးလေလေ။
( ၄) ပညာဆိုသည်မှာ ကျောင်းစာကို ဆိုလိုသည်မဟုတ်ပေ။
အသက်မွေးမှုအတတ်တစ်ခုခုကို အများထက်ပို၍ အားလုံးထက် ထူးချွန်အောင် တတ်ချေက တန်ခိုးပင်ဖြစ်လေသည်။
( ၅) အိပ်ရာနားတွင် စာအုပ်ကိုထား၊ အိပ်ကအလုပ်ရပ်၍ အချိန်အတိုအစ၊ အိပ်ရာထ၊ အိပ်ရာဝင်၊ လည်ပတ်သွားလာရာမှာ
၎င်းအချိန်များတွင် စာအုပ်တစ်အုပ်အမြဲပါလျှင် လိုရာပညာကို တစ်နှစ်ကိုးလနှင့် ရနိုင်၏။
( ၆) လွန်ပြီးသောအချိန်သည် နောက်ဆုံးထွက်သောစာပို့ရထားကြီးနှင့်တူ၏။
( ၇) နောအား ၀က်စတားသည် မိမိ၏ကျော်စောသော ၀က်စတား အဘိဓာန်ကြီးကို (၄၆)နှစ်ကြာပြုစု၏။
( ၈) ကျော်စောသော လောကဓါတ်ဆရာကြီး သောမာ့စ်အေအက်ဒီဆင် သည် အမြဲအားဖြင့် အသုံးဝင်သော အတတ်ပညာအသစ်တို့ကို ရှာကြံ့ရာတွင်
အဘယ်အခါမျှ ပေါ့ပေါ့ဆဆ သဘောမထားဘဲ အမှန်အကျိုးရှိသော အရာတစ်ခုခုကို စဉ်းစားသည့်အခါ မပြီးမချင်း ထပ်ခါထပ်ခါ လုပ်ကိုင်ကြံစည်လေ့ရှိ၏။
( ၉) ဂျော့ဘန်ကရော့သည် အမေရိကန်ရာဇ၀င်ကို ၁၅ကြိမ် ထပ်မံရရေး၏။
ခရစ်တော် နောက်ဆုံးညစာစားရုပ်ပုံကားကို ၇ နှစ်ပတ်လုံးနေ့စဉ်ရေး၏။
(၁၀) လောကဓါတ်ဆရာကြီး နယူတန်သည် လေးတွဲခြင်း သဘောကို အနှစ် ၂၀ ကြာ ကြံစည်တွေးတောခြင်းပြုရ ရေးသား၏။
(၁၁) မိမိနှင့် အနီးစပ်ဆုံးသော ပညာတစ်ခုခုတွင် စိတ်ကို အကုန်သွင်းလေ။
(၁၂) အမျိုးမျိုးတတ်ချင်သော သူသည် မည်သည့်အရာမှာမျှ တော်လိမ့်မည်မဟုတ်ချေ။
(၁၃) ကမ္ဘာပေါ်တွင် တစ်ခုကောင်းသမားများသာ ကျော်စောနိုင်သည်။
(၁၄) တစ်နေ့လျှင် ၈ နာရီ ပြည့်အောင် အိပ်ပျော်လျှင် တစ်နေ့လုံး မရပ်မနားဘဲကြံလေ၊ ရေးလေ၊ သင်လေ၊ အံလေ၊ ဦးနှောက်မပျက်နိုင်၊
အပျော်အပါးတွင် ကျူးလွန်ခြင်းသာလျှင် ဥာဏ်အား စိတ်အား ကိုယ်အား ဆုတ်ယုတ်စေ၏။

No comments:
Post a Comment